ဆရာတော်ဒေါက်တာသီလာနန္ဒာဘိဝံသ ဟောကြားတော်မူသည့် ပရိတ္တပါဠိ
စာဝါနားတဲ့ အဖိတ်နေ့ တစ်ရက် နံနက်ခင်းမှာ ကျောင်းဆောင်တွေမှာ တပ်ဆင်အသုံးပြုထားတဲ့ ကျောင်းတွင်း ဖုန်းလိုင်းကနေတစ်ဆင့် ဒုတိယနာယကချုပ်ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ ဆရာတော်ကနေ ဒေါ်လေးကျောင်း က ဥုးဥတ္တရ အခု အမြန်လာပါ - ဆိုတဲ့ စကားကို ဖိုးသူတော်လေးက လာပြောတော့ …. ဟိုက် …. ဒုက္ခပါပဲ၊ ဆရာတော်က အရင်ငါ့ကို မခေါ်ဘူးပါဘူး။ အင်း အကြောင်းတစ်ခုခုတော့ ရှိလို့နေမှာပါပဲလေ - လို့ စိတ်ထဲ ကနေတွေးရင်းနဲ့ပဲ ကျောင်းပေါ်ကနေ ကဗျာကယာ နေရာထိုင်တင် လက်ကန်တော့ထိုးပြီး ဆရာတော့် ကျောင်း ဆီကို သွားခဲ့ပါတယ်။
ဆရာတော့်ဆီရောက်တော့ မိမိဘာမှမလျှောက်လိုက်ရခင်မှာပဲ …. “ဥုးဥတ္တရ … အခု မလေးရှားမှာ သီတင်းသုံး နေတဲ့ တပည့်ဥုးဇင်းလေးဆီကနေတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသ ကိုယ်တိုင် ပရိတ်ကြီး (၁၁) သုတ်ကို ပါဠိလိုရော၊ အင်္ဂလိပ်လိုပါ နှစ်ဘာသာနဲ့ ဟောထားတဲ့ ဒီ CD ခွေကို မနေ့ကပဲ ကျောင်းတိုက်ကို လာရောက် လေ့လာတဲ့ နိုင်ငံခြားသားကနေတစ်ဆင့် ဘုန်းကြီးဆီကို ရောက်လာတယ်။ အဲဒါ ဘုန်းကြီးလည်း မဖွင့်တတ်ဘူး၊ နောက်ပြီး ဒီ CD ခွေကို Copyလည်း ကူးထားချင်တယ်။ ဥုးဇင်းလည်း အသုံးပြုချင်ရင် ကူးထားပါ” လို့ အမိန့်ရှိပါတယ်။
အဲဒီတော့မှပဲ ဟင်း …. ကနဲ့ သက်ပျင်းချနိုင်ပါတော့တယ်။ တော်သေးတာပေါ့ …. ဆရာတော်က ငါ့ကို ခေါ်တာ ဆူမလို့-ထင်နေတာ။ အခုတော့ သိပ်မခဲရင်းတဲ့ အလုပ်တစ်ခုကိုပဲ ခိုင်းလိုက်လို့။ ဒါနဲ့ မိမိလည်း ဆရာတော်ဆီက CD ခွေကို ယူပြီး ကိုယ့်အဆောင်ကို အမြန်သွားပြီးတော့ CD ခွေကို Copy ကူးပါတော့တယ်။ ဖြစ်ချင်တော့ CD ခွေက Copy Protect ဖြစ်နေပြီး စက်ထဲကို ကူးထည့်လို့ အဆင်မပြေပါဘူး။ ဒါနဲ့ မိမိကလည်း ဆရာတော်က ခိုင်းထားတဲ့ အလုပ်ဆိုတော့ အဆင်မပြေဘူးလို့ လျှောက်ရမှာလည်း မ၀ံ့မရဲဖြစ်နေတာတဲ့ ပေးလိုက်တဲ့ CD ကို မိမိအတွက်တစ်ချပ်အလွတ်ထားပြီး Copy to Copy (၁၀)ချပ်ကူးပြီးတော့ သွားရောက် ကပ်လိုက်ပါတယ်။ ဆရာတော့်ဆီရောက်တော့ “ဟ … ဥုးဥတ္တရ မြန်လှချည်လား” တဲ့။ တင်ပါ့လို့ လျှောက်ပြီး CD အလွတ် (၁၀) ချပ်ရဲ့ ကျသင့်တန်ဖိုးငွေကို ဆရာတော်က ပြန်လည်စွန့်ပေမယ့်လည်း မိမိကမယူခဲ့ပါဘူး။ တပည့်တော် လှူပါတယ်ဘုရားလို့ လျှောက်ပြီးပြန်ခဲ့ပါတယ်။
ကျောင်းပြန်ရောက်တော့ ခုနက CD ကို ဖွင့်ကြည့်မိပါတယ်။ တော်တော့်ကို သဘောကျပါတယ်။ အရင်က ဆရာတော်ဦးသီလာနန္ဒ - ရဲ့ တရားတွေကို မနာဘူးခဲ့ပါဘူး။ ရှင်းလင်းပြတ်သားတဲ့ ဆရာတော်ရဲ့ လေယူလေ သိမ်းကို နောက်ကနေ အသားလေးတိုးတိုးလိုက်ရင်းနဲ့ CD - ခွေကုန်သွားတော့မှပဲ ကုန်သွားမှန်းသိတော့တာပါ။ အထူးသဖြင့်တော့ ဆရာတော့်ရဲ့ အင်္ဂလိပ်အသံထွက်ပေါ့။
အဲဒီလိုနဲ့ မိမိအိန္ဒိယကိုထွက်လာတော့ ပရိတ်တရားတော်ကို ပြန်နာချင်လာပါတယ်။ "ဘုရားမရှိခိုးတတ်တဲ့သူကို ပင်လယ်ပြင်ကို လွှတ်" ဆိုတဲ့ စကားပုံလိုပေါ့။ ဘုရားကို ရှိခိုးကန်တော့လေ့ မရှိတဲ့သူက ပင်လယ်ပြင်ရဲ့ လှိုင်းရိပ်လေးတွေကို မြင်လိုက်ရတိုင်း လက်အုပ်ချီ ချီပြီး ဘုရားကို တ-တယ်၊ ကန်တော့တယ်-တဲ့။ အခု မိမိလည်း အဲဒီလိုပါပဲ ကိုယ့်နိုင်ငံမဟုတ်တဲ့ မိဝေးဖဝေးတိုင်းတစ်ပါးမှာ ပညာသင်နေရတော့ ကိုယ့်ကို ကာကွယ်စောင့်ရှောက် ပေးနိုင်မယ့်အရာကို တွေးမိရင်းနဲ့ ပရိတ်တရားတော်ကို သတိရမိတာပါ။ ဒါပေမယ့် ဘာ CD မှာ ကိုယ်နဲ့ အတူပါမလာပါဘူး။ အကြောင်းအားလျှော်စွာ အိန္ဒိယနိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်ကို မိမိက ရယူသုံးဆောင်နိုင်လိုက်ပါတယ်။
အဲဒါက … ဆရာတော်ရဲ့ ပရိတ်ကြီး (၁၁) သုတ်လုံးကို Mobile ဖုန်းထဲကနေတစ်ဆင့် Internet Connection ကို အသုံးပြုပြီး DOWNLOAD ချလိုက်နိုင်တာပါ။ Pali Subject နဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေကို မျှဝေပေး လိုတဲ့ ဆန္ဒဖြစ်လာတာနဲ့ မိမိဘလော့ဂ်ပေါ် တင်မယ်လို့ စိတ်ကူးပြီး အင်တာနက်ပေါ်မှာလိုက်ရှာတော့ Link လွယ်လွယ်ကူကူ ရှာမတွေ့တော့ပါဘူး။ တွေ့တဲ့နေရာတွေကလည်း DOWNLOAD - ဆွဲလို့ အဆင်မပြေတာနဲ့ Mmobile Phone နဲ့ DOWNLOAD ချထားစဉ်က မှတ်တမ်း CD ကိုပဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်။ တင်ပေးတယ်ဆိုရာမှာလည်း ဒီမှာ ကိုယ်သုံးနေတဲ့ အင်တာနက် CONNECTION က မကောင်းတော့ တော်တော်ကို စိတ်ရှည်ရှည်နဲ့ တင်ယူရပါတယ်။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုလို အားလုံး အဆင်ပြေပြေတင်နိုင်လိုက်ပြီး ဓမ္မဒါနပြုလုပ်ခွင့်ရတာကိုပဲ စိတ်ထဲကတွေးရင်း မောသမျှတွေလည်း အဟောဝတ ဖြစ်ကုန်ပါပြီ။ ဆရာတော်ရဲ့တရားတော်ကို နာယူနိုင်ခွင့်ရအောင် လမ်းညွှန် ပေးတော်မူခဲ့တဲ့ (ယခင်ဒုတိယ နာယကချုပ်) ယခုနာယချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ - အားလည်း ယခုတင် လိုက်တဲ့ ဒီ Post - လေးနဲ့ ပူဇော်လိုက်ပါတယ်။
အရင်တစ်ခါက မိမိဘလော့ဂ်ပေါ်မှာပဲ ဆရာတော်ရဲ့ မေတ္တသုတ်ပရိတ်ကို တင်ပေးခဲ့ဖူးပါတယ်။ အခုဟာက တော့ အစ အဆုံးပါ။ ပါဠိစာပေမှာရော၊ အင်္ဂလိပ်ဘာသန္တရစာပေဘက်မှာပါ တစ်ဘက်ကမ်းခတ် မွေနှောက် ချောက်ချားနိုင်တဲ့ ဆရာတော်ရဲ့ပညာဉာဏ်ကိုအာရုံပြုပြီး ကြည်လင်ပြတ်သားတဲ့အသံတော်ကို နာယူကြည်ညို ကာ သဒ္ဓါတရားတွေ တိုးပွားနိုင်ကြစေဖို့ ဆုမွန်ဆန္ဒ ပြုလိုက်ရပါတယ်။
အားလုံး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ….
မေတ္တာဖြင့် …. ဥတ္တရ
အောက်ပါ link များကတစ်ဆင့် Download - ပြုလုပ်ရန်။
မိတ်ဆက်စကား ပရိတ္တနိဒါန်း
မင်္ဂလသုတ်
ရတနသုတ်
မေတ္တသုတ်
ခန္ဓသုတ်
မောရသုတ်
ဝဋ္ဋသုတ်
ဓဇဂ္ဂသုတ်
အာဋာနာဋိယသုတ်
အဂုင်္လိမာလသုတ်
ဗောဇ္ဈင်္ဂသုတ်
ပုဗ္ဗဏှသုတ်














2 comments:
တပယ့်တော် ကမ္မဝါစာ အင်္ဂလိပ်ဘာသာ ပြန်ရှာနေပါတယ် ဘုရာ့။
ဒေါင်းရမှာ ပျင်းသဗျာ။ လူကြုံရှိရင် ထည့်ပေးလိုက်ဦး။
Post a Comment