Thursday, October 22, 2009

အပူလှိုင်းဒဏ်ကို ကာကွယ်ဖို့ LAKME ကို သုံးကြစို့ ...

တစ်နေ့တုန်းက အသိသူငယ်ချင်းဥုးဇင်းတစ်ပါး ကွန်ပျူတာဝယ်စရာရှိတာနဲ့ ဘီဟာပြည်နယ်ရဲ့မြို့တော် ပတ္တနားကို ရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မိမိတို့ သွားတဲ့အချိန်က နွေရာသီမှာပါ။ အိန္ဒိယရဲ့ ရာသီဥတုက အခြားသော ပြည်နယ်တွေကို စုံအောင်မရောက်ဘူးလို့ မသိပေမယ့် မိမိတို့နေတဲ့ ဘီဟာပြည်နယ်မှာတော့ ပူတဲ့အခါ မခံနိုင်အောင်ပူပြီး အေးတဲ့အခါလည်း အတိုင်းထက်အလွန်ကို အေးပါတယ်။ အိန္ဒိယကိုရောက်မှ ထူး ထူးဆန်းဆန်း တွေ့ရတဲ့ရောဂါတစ်မျိုးက နွေရာသီလို ပူအိုက်တဲ့အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ "အပူလှိုင်းဖြတ် တဲ့ဝေဒနာ"ကို ခံစားကြရတာပါ။ အရင်ရောက်နှင့်ပြီးသား ကျောင်းသားဟောင်းတို့က ဒီဝေဒနာကို နှဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခံစားဖူးတာဆိုတော့ မဖြစ်ခင်မှာ အပူထဲကို သင်္ကန်းမပါဘဲ မသွားဖို့ အမြဲလိုလို သတိပေးခဲ့ကြပါ တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ .... အခု ပတ္တနားကို ကွန်ပျူတာလိုက်ဝယ်မပေးခင်နေ့ ညနေခင်းမှာပဲ ဝေစုကျ မျှဝေပေးလိုက်တဲ့ "အပူလှိုင်းဖြတ်ဝေဒနာ" ကို ခံစားလိုက်ရပါတယ်။ ညကျတော့ တော်တော်နဲ့ အိပ်လို့မရခဲ့ပါ ဘူး၊တအားကြီး ဆိုးဝါးတဲ့ဝေဒနာလို့ အမည်ပေးလို့မရပေမယ့် တော်တော်တော့ ခံရခက်ပါတယ်။ သိပ်မဆိုးဝါးဘူး လို့ပြောရတာက ကိုယ်ဖြစ်တာနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောလို့ပါ။ သူငယ်ချင်းတစ်ပါးဆို အပူလှိုင်းဖြတ်သွားတဲ့ နေရာ မှာ အမဲအစင်းကြောင်းကြီး ထင်ခဲ့ပြီး တော်တော့်ကို ခံခဲ့ရပါတယ်။ မိမိက သူနဲ့စာရင်တော့ တော်သေးတယ်လို့ ပြောရမှာပါ။

သြော် ဒါနဲ့ ... ပြောမယ့်စကားက လိုရင်းကို မရောက်တော့ဘူး။ မနက်ဖြန်ကို ပတ္တနားသွားရမယ့် ခရီးစဉ် ကလည်း အစောကြီးကတည်းက သူငယ်ချင်းက ကားငှားပြီးသားဖြစ်နေတော့ သူ့အစီအစဉ်ကို မဖျက်စေချင် ပါဘူး။ ဒါပေမယ့် မိမိကလည်း အလိုလိုနေရင်းကမှ ကားမူးတတ်တဲ့အကျင့်က ရှိနေ၊ နောက်ပြီး အပူလှိုင်းဖြတ် ထားတဲ့ ဝေဒနာကလည်း စပ်ဖျင်းဖျင်းနဲ့ ခံရခက်ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် မသွားချင်ပါဘူး။ နောက်ဆုံးတော့ သူငယ်ချင်းကို အားနာတာနဲ့ မြို့တော်ပတ္တနားကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ... သူဝယ်ချင်တဲ့ ကွန်ပျူတာအမျိုးအစားကို စိတ်ရှည်လက်ရှည်လိုက်ကြည့်ပြီး၊ နောက်ဆုံးစိတ်ကြိုက်တွေ့တော့မှာပဲ Dell ကုမ္ပဏီ ထုတ် Laptop ကွန်ပျူတာတစ်လုံးကို ၀ယ်ဖြစ်လိုက်ပါတယ်။ စိတ်ရှည်လက်ရှည်လိုက်ကြည့်တယ်ဆိုတာက .... ဟုတ်ပါတယ်၊ အိန္ဒိယမှာက ကိုယ့်နိုင်ငံမှာလို ဒီအမျိုးအစားကြိုက်တယ်၊ ထုတ်ပြလို့ ပြောလို့က မရတော့ - ယူမှာသေချာတဲ့ အမျိုးအစားကိုပဲ သေချာစစ်ပြီး ၀ယ်ရတဲ့စနစ်မျိုးမို့ပါ။ ဒါကလည်း တစ်နေရာနဲ့ တစ်နေရာ တူမယ်မထင်ပါဘူး။

စကားက ပြောရင်းနဲ့ ဝေ့သွားပြန်ပါပြီ။ ကွန်ပျူတာဝယ်ပေးဖို့ကိစ္စအားလုံးပြီးပြီဆိုမှပဲ ပတ္တနားကိုရောက်တိုင်း မိမိဝယ်နေကျ Super Market တစ်ခုကို သွားပြီးတော့ ၀ယ်စရာရှိတာလေးတွေ ၀ယ်ဖြစ်ခဲ့ပါတယ်။ ထွေထွေ ထူးထူးဝယ်တာမျိုးတော့ မဟုတ်ပါဘူး၊ နို့ဆီဗူးလေး၊ ပေါင်မုန့်လေးလောက်ပါ။ အဲဒီမှာပဲ ကောင်တာမှာ ထိုင်နေ တဲ့ ဆိုင်ရှင်ကုလားကြီးက မိမိကိုကြည့်ပြီး "ဘန္တေ .... လက်မောင်းမှာ...ဘာဖြစ်ထားတာလဲ"တဲ့။ ကွန်ပျူတာ ၀ယ်ပေးဖို့ကိစ္စနဲ့ ခေါင်းထဲမှာရှုတ်နေတော့ ကိုယ့်မှာ အပူလှိုင်းဖြတ်ထားတဲ့ ဝေဒနာကိုတောင် မေ့နေပါပြီ။ သူပြောတော့မှပဲ ... မနေ့ညနေက အပူလှိုင်းဖြတ်သွားလို့ လက်မောင်းက နဲနဲယောင်နေတာပါ-လို့ ဆိုင်ရှင် ကုလားကြီးကို ပြောပြတော့ - သူက LAKME - ဆိုတဲ့ Cream ဆေး တစ်မျိုးကို ထုတ်ပေးပါတယ်။ ထုတ်ပြတာမဟုတ်ပါဘူး။ မင်း ဒါကို လိမ်းကြည့်လိုက်ပါ ဆိုပြီး ဆေးဗူးကို ထုတ်ပေးတာပါ။ မိမိလည်း ကောင်း / မကောင်း မသိပေမယ့် သူပေးတဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ရှေ့မှာပဲ လိမ်းပြလိုက်ပါတယ်။ လိမ်းလိုက်လိုက်ခြင်းမှာပဲ အပူထဲက လာလို့လားတော့ မပြောတတ်ပါဘူး။ တော်တော့်ကို အေးသွားတဲ့ အရသာ ကို ခံစားလိုက်ရပါတယ်။ ဒါနဲ့ မိမိကလည်း ဒီဆေးဗူးက ဈေး ဘယ်လောက်လဲလို့ မေးကြည့်တော့ ရူပီး -150 ထဲပါဆိုလို့ တစ်ခါထည်း ဆေးတစ်ဗူးပါ ၀ယ်ဖြစ်လိုက်ပါတယ်။ တက္ကသိုလ်ပြန်ရောက်တော့ ... နီးစပ်ရာ သူငယ်ချင်းတစ်ပါးရဲ့ ကွန်ပျူတာကိုသွားပြီး အခုဝယ်လာတဲ့ ဆေးအကြောင်းကို သိချင်တာနဲ့ အင်တာနက်က နေ ရှာဖြစ်ခဲ့ပါတယ်။ တွေ့ပါပြီ....ဒီဇိုင်းမျိုးစုံ၊ ဆိုက်မျိုးစုံ ထုတ်ထားတဲ့ ဒီဆေးဟာ အပူဒဏ်ကို ကာကွယ်နိုင်ဖို့ အတွက် အမျိုးအစားတွေ မြောက်များစွာကို ထုတ်လုပ်ထားတာပါ။ မိမိဝယ်ခဲ့တဲ့ အမျိုးအစားက .... LAKME, Fundamentals, Sun expert, SPF 30, High protection-ပါ။ ဆေးကတော်တော့်ကို ကောင်းပါတယ်။ သုံးရက်လောက်ဆက်တိုက် လိမ်းလိုက်ရုံနဲ့ ထူးထူးခြားခြားကို သက်သာပျောက်ကင်းသွားတာပါ။

ဒီလိုနဲ့နေလာရင်းက အိန္ဒိယနိုင်ငံရဲ့ အခြားတက္ကသိုလ်တစ်ခုမှာတက်နေတဲ့ .... ဆရာလိုလည်းဟုတ်၊ မိတ်ဆွေဆိုလည်းဟုတ်တဲ့ ဆရာတော်တစ်ပါးဆီကနေ ဖုန်းဝင်လာပါတယ်။ ဟဲ့.... ကောင်လေး ငါ့ကွာ-တဲ့ ဒီမှာ အပူလှိုင်းဖြတ်ခံလိုက်ရလို့၊ အဲဒါ ဘယ်လိုလုပ်ရမလဲ-ပေါ့။ ဒါနဲ့ မိမိကလည်း ဘာရမလဲ ကိုယ်သိထားတဲ့ ဒီဆေးအကြောင်းကို တစ်ခါတည်း ပြောပြလိုက်ပါတယ်။ သူလည်း ဒီဆေးနဲ့ပဲ အဆင်ပြေသွားတယ်ထင်ပါတယ်။ နောက်ပိုင်း ဒါနဲ့ပတ်သက်ပြီး ဘာမှပြောသံမကြားတော့လို့ပါ။ အခုတော့ .... Cream - လို့ပဲပြောပြော၊ ဆေးလို့ပဲဆိုဆို မိမိတို့က သာသနာ့ဝန်ထမ်းတွေဆိုတော့ ဆေးလို့သုံးတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒီဆေးအကြောင်းကို Post -တစ်ခုအနေနဲ့ တင်ပေးလိုက်ပါပြီ။ နောက်သွားရောက်ပြီး အသေးစိပ်လေ့လာလို့ရတဲ့ သူ့ရဲ့ Web Address ဖြစ်တဲ့ LAEME ကိုပါ တစ်ခါထည်း ချိတ်ပေးလိုက်ပါတယ်။

ကိုင်း .... အားလုံးသော မိတ်ဆွေအပေါင်းတို့ ...
မဖြစ်ခင်က ကျရောက်မလာသေးတဲ့ ဝေဒနာဆိုးအတွက် ...
"အပူလှိုင်းဒဏ်ကို ကာကွယ်ဖို့ LAKME ကို သုံးကြစို့" ပါ။


အားလုံးအတွက် .....
မေတ္တာဖြင့် .... ဥတ္တရ

[စကားချပ်။ LAKME ဆေးအကြောင်း မသိသေးသူတို့အတွက် စေတနာသက်သက်ဖြင့် ရည်ရွယ်ပြီး ဒီ Post ကို တင်ပေးလိုက်ရခြင်း ဖြစ်ပါကြောင်း။]

0 comments:

Post a Comment

 

တက္ကသီလ သောတုဇန Copyright © 2008 Black Brown Art Template designed by Ipiet's Blogger Template