Tuesday, November 17, 2009

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်းသူငယ်ကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သရိုင်ရွာ ဦးဇောတိ+ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခု၊ တပိုတွဲလပြည့်ကျော်(၁၄)ရက်၊ (၁၉ဝဝ-ပြည့်၊ ဖေဖော်ဝါရီ(၂၇) ရက်) အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။

၂။ ၁၂၆၆-ခုနှစ်၌ (ပထမအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။

၃။ ၁၂၇၅-ခုနှစ်၌ (ဒုတိယအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။

၎။ ၁၂၇၉-ခုနှစ်၊ သက်တော် (၁၈)နှစ်အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။

၅။ ၁၂၈ဝ-ပြည့်နှစ်၊ တပေါင်းလပြည့်နေ့၌၊ (ပထမအကြိမ်)၊ ၁၂၈၁-ခုနှစ်၊ နယုန်လပြည့်နေ့၌၊ (ဒုတိယအကြိမ်)၊ ၁၂၈၁-ခုနှစ်၊ တပေါင်းလပြည့်နေ့၌၊ (တတိယအကြိမ်) ရဟန်းအဖြစ်ကို ခံယူတော်မူသည်။

၆။ ၁၂၈၃-ခုနှစ်၊ ကဆုန်လဆန်းတစ်ရက်နေ့၌ ပခုက္ကူဆရာတော်များ၏ ''ပခုက္ကူစာချ'' အဖြစ် တင်မြှောက်မှုကို ခံယူတော်မူရသည်။

၇။ ၁၂၈၇ (၁၉၂၆) ခုနှစ်၌ ''ပထမကျော်'' အောင်မြင်တော်မူသည်။

၈။ ၁၂၈၉-ခုနှစ်၊ သကျသီဟခေါ် ''ပရိယတ္တိသာသနဟိတဓမ္မာစရိယ'' ဘွဲ့ ရရှိအောင်မြင်တော်မူ သည်။

၉။ ၁၃၀၃-ခု၊ ၀ါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ၀င်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက် ရှိ၊ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်။ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော်ငါးပါးမျှသာရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက်ရှိသည်။

၁၀။ (လွတ်လပ်ရေးရပြီးနောက်)၁၃၁၂-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၏ (ရှေးဦးစွာ) ''အဂ္ဂမဟာ ပဏ္ဍိတ'' ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူရသည်။

၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်းဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာ များကို ရေးသားတော်မူခဲ့သည်။

၁၂။ ၁၃၁၅-ခုနှစ်၌ ...
(က) ဆဋ္ဌသံဂီတိ သြ၀ါဒါစရိယ သံဃနာယက,

(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,
(ဂ) ဆဋ္ဌသံဂီတိပါဠိပဋိဝိသောဓက,
(ဃ) ဆဋ္ဌသံဂီတိ သြသာန သောဓေယျပတ္တပါဌက -
အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။

၁၃။ ၁၃၃၃-ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးက ရွှေကျင် ဂိုဏ်းကြီး ၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။

၁၄။ ၁၂၉၀-ခုနှစ်၊ သက်တော် (၃၀) မှစ၍ ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၃၃၉-ခုနှစ်၊ နတ်တော်လ ဆန်း(၁၃)ရက်၊ (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ (၅)ရက်အထိ ကျမ်းစာပေါင်းများစွာကို ပြုစု တော်မူခဲ့ပါသည်။

၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော် (၇၈)နှစ် အရောက် နတ်တော်လပြည့်ကျော် (၂)ရက်၊ (၂၇ - ၇ - ၇၇) အင်္ဂါနေ့ ညနေ (၄း၃၀) နာရီတွင် တစ်ဘ၀အတွက် ငြိမ်းတော်မူသည်။


Saturday, November 7, 2009

အခြေပြုပဋ္ဌာန်းတရားတော် ...

နှစ်ရက်အချိန်ပေးပြီးလုပ်လိုက်ရတဲ့ အလုပ်တစ်ခု ဒီနေ့တော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ၊ တစ်ကယ်တော့ Internet Conneciton - အရမ်းကြီး နှေးတယ်လို့တော့ ပြောလို့ရမယ်မထင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မိမိ တင်နေတဲ့ ပဋ္ဌာန်းတရားတော်များရဲ့ File Size ကို က ကြီးနေလို့ပါ။ ရှိပြီးသား အဆင်ပြေနေတဲ့ အသံဖိုင်တွေကို မိမိချုံ့လိုက်လို့ အဆင်မပြေတာမျိုးလည်း မဖြစ်စေချင်တာနဲ့ File Size တွေကို မချုံ့လိုက်ပါဘူး။ သည့်အတွက် အချိန်ဘယ်လောက်ကြာကြာ ပြီးသည့်အထိ စောင့်တင်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသားပါ။ ဒီနေရာမှာ မိမိရဲ့ မပြောပလောက်တဲ့ ကြိုးစားအားထုတ်မှုလေးကို မဖော်ပြလိုပါ။ အခြေပြုပဋ္ဌာန်းတရားတော် ကျမ်းစာအုပ်တွင် ဖော်ပြခဲ့သည့် "အခြေပြုပဋ္ဌာန်းအထူးနိဒါန်းပါ" ကျေးဇူးတော်ရှင် ဆရာတော်ဘုရား မိန့်ကြားတော်မူခဲ့သည့် ဆရာတော်၏ဆန္ဒတော်ကိုသာ ကောက်နှုတ်ဖြော်ပလိုပါသည်။

ပဋ္ဌာန်းတရားတော် ဖတ်ကြားနာယူသူများ ကြိုတင်သိရှိရန်
ဆရာတော်၏ ဆန္ဒတော်

ယခုစာရှုသူ ဖတ်ကြားနာယူမည့် ပဋ္ဌာန်းတရားတော်သည် စာရှုသူ၏ရှေ့သို့ ရောက်လာသည်မှာ လွယ်ကူလှ သည် မဟုတ်ပါ၊ (၁၉၆၉) ၁၃၃၁-ခုနှစ်လောက်ကပင် ပဋ္ဌာန်းတရားတော်ကို ဟောကြားချီးမြှင့်တော်မူသော တောင်မြို့ဆရာတော်ဘုရားအား ယခင်က ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်တရားတော်များကို ဟောပြောတော် မူပြီးဖြစ်၍ ပဋ္ဌာန်းတရားတော်ကို သာသနာတော်၍ စိတ်ဝင်စား ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓမြတ် စွာနှင့် သဗ္ဗညုတဉာဏ်ကို ကြည်ညိုနိုင်ရန် (ပဋ္ဌာန်းတရားတော်ကို)အချိန်ရ၍ အခွင့်သာသောအခါ ဟောကြား ပေးတော်မူပါရန် စတင်လျှောက်ထားခဲ့၍ တပည့်ဒါယကာရင်းများ ဆုံမိတိုင်းလည်း မကြာခဏ လျှောက်ထား ခဲ့ရာမှ (၁၉၇၃-ခုနှစ်၊ ဧပြီလ ၉ - ရက်) ၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလ ဆန်း ၇ ရက်နေ့တိုင်မှသာ ဟောပြောပေး နိုင်ရန် အခွင့်သာခဲ့ပါသည်၊ တရားဟောသောအခါလည်း ဥတုအလွန်ပြင်းထန်၍ ပူပြင်းလှသောအချိန်တွင် နံနက်သြ၀ါဒပေးချိန် အရုဏ်ဆွမ်းဆက်ကပ်ပြီး အေးချမ်းဆဲ အချိန်တွင်မှာသာ ဟောကြားတော်မူနိုင်ခဲ့ရာ ဆရာ တော်သည် ရက်ပေါင်း ၁၇ - ရက်မျှ အလွန်ပင်ပန်းခံ တော်မူခဲ့ရပါသည်။

ထိုကဲ့သို့ အပင်ပန်းခံတော်မူလျက် ဟောကြားတော်မူခဲ့သည် ရည်ရွယ်ချက်ကို ဆရာတော်ကိုယ်တိုင် ရေးသား ထားသော အောက်ပါ မျှော်လင့်ချက်စာတမ်းကို ကြည့်ရှု၍ စာဖတ်သူများ ကြိုတင်ပြီး ဆရာတော်၏ဆန္ဒတော်ကို သိရှိထားစေလိုပါသည်။

သို့မှသာ ဆရာတော်သည် အလွန်နက်နဲ၍ လူသာမာန်တို့ သိနိုင်ခဲသော ပဋ္ဌာန်းတရားတော်ကြီးကို လူအများ သိရှိနိုင်အောင် ဘာ့ကြောင့် ဤမျှအပင်ပန်းခံ၍ ဟောသည်ကို သဘောပေါက်ကြပါလိမ့်မည်။ ဆရာတော်၏ ဆန္ဒတော်ကို အောက်တွင် သီးသန့်ဖော်ပြပေးလိုက်ပါသည်။ အပြည့်အစုံ သိရှိနိုင်ရန် အကယ်၍ အချိန်ရမည် ဆိုပါက မိမိတင်ထားပြီးဖြစ်သည့် အခြေပြုပဋ္ဌာန်းတရားတော် ကျမ်းစာအုပ်ကိုလည်း ကြည့်ရှုစေလိုပါသည်။

ဆရာတော်၏ဆန္ဒတော်


ဤမျှလောက်သော ကြိုးစားအားထုတ်မှု ဓမ္မဒါနမြတ်ပုညဖြင့် ကျေးဇူးအထူးရှိခဲ့ဖူးသည့် မိဘနှစ်ပါးနှင့် ပစ္စယာ နုဂ္ဂဟ+ဓမ္မာနုဂ္ဂဟနှစ်ဝသော ချီးမြှောက်ထောက်ပံ့ခြင်းတို့ဖြင့် ချီးမြှောက်ထောက်ပံ့ခဲ့ကြ၊ ထောက်ပံ့ဆဲဖြစ်ကြ ကုန်သော ဆရာသမား ဆွေမျိုးမိတ်တွေ ဒါယကာ + ဒါယိကာမများအား ကုသိုလ်အမျှဝေငှလိုက်ရပါသည်...။

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ် ကမ္ဘာတည်ပါစေ…

မေတ္တာဖြင့် … ဥတ္တရ


ပဋ္ဌာန်းတရားတော်များ Download ပြုလုပ်ရန်...

ပထမနေ့
ဒုတိယနေ့
တတိယနေ့
စတုတ္ထနေ့
ပဉ္စမနေ့
ဆဋ္ဌမနေ့
သတ္တမနေ့
အဋ္ဌမနေ့
န၀မမနေ့
ဒသမနေ့
ဧကာဒသမနေ့
ဒွါဒသမနေ့
တေရသမနေ့
စုဒ္ဒသမနေ့
ပန္နရသမနေ့
သောဠသမနေ့
သတ္တရသမနေ့

Tuesday, November 3, 2009

"ဘဂ၀ါဂီတ"

ပြီးခဲ့တဲ့(၈)လပိုင်းတုန်းက ဗာရာဏသီမြို့၊ B.H.U (Banaras Hindu University) တက္ကသိုလ်ကို ကျောင်းတက် လာမယ့် သူငယ်ချင်းဥုးဇင်းတစ်ပါးကို သွားကြိုစရာရှိတာနဲ့ အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာကျော် မြို့တော်ကလကတ္တားကို ရောက်ခဲ့ပါတယ်။ တစ်ပါးတည်းသွားရတဲ့ ခရီးလည်းဖြစ် ကိုယ်တစ်ခါမှမရောက်ဖူးတဲ့နေရာလည်းဖြစ်နေတော့ ရက်ရှည်မနေဖြစ်ခဲ့ပါဘူး။ ညရထားစီး မနက်ရောက်၊ ရောက်တဲ့နေ့ တစ်ရက်ထည်းကိုပဲ မြို့ထဲကို လျှောက်လည် ပြီးတော့ နောက်နေ့နေ့လည် လေယာဉ်ခရီးစဉ်ကို သေချာအောင် သူငယ်ချင်းဆီ အဆက်အသွယ်လုပ်ရပါတယ်။ အားလုံးသေချာပြီဆိုတော့မှ အပြန်စီးဖို့ရာဝယ်ထားတဲ့ ရထားလက်မှတ်က ထိုင်ခုံနေရာကို သေချာအောင် စီစဉ် ရတော့တာပါ။

ကိုယ်သိပ်ပြီးမသွားလာတတ်တဲ့ နေရာကို ရောက်နေတယ်ဆိုမှပဲ လေဆိပ်သွားကြိုမယ့်နေ့မှာ မနက်ခင်းက တည်းက ရွာတဲ့မိုးက ညနေပိုင်း လေယာဉ်ဆိုက်ပြီးချိန်ထိကို မစဲသေးပါဘူး။ ကိုယ်တွေးထားတာက မိုးကလည်း ရွာ၊ ကားငှားဖို့ရာကလည်း ကုလားစကားက ကျွမ်းကျွမ်းကျင်ကျင်မတတ်ဆိုတော့ ဒုက္ခရောက်ပြီပေါ့-လို့ တွေးနေ တုန်းမှာပဲ ဖုန်းတစ်လုံး ၀င်လာပါတယ်၊ မာဂဓတက္ကသိုလ်က ဒေါက်တာဆရာတော်တစ်ပါးပါ။ သူလည်း ကလကတ္တားကို လာကြိုစရာရှိတာနဲ့ ရောက်နေတယ်-တဲ့။ အဲဒါ…သူ့ကားနဲ့ လေဆိပ်ကို လိုက်ခဲ့ပါဆိုတော့ ညတုန်းက ပို့ထားတဲ့ မေတ္တာလေးကို မဆီမဆိုင်အမှတ်ရလိုက်မိပါသေးတယ်။ လေဆိပ်ရောက်တော့ လေယာဉ် က အချိန်မှန်လို့ တော်သေးတာပေါ့။

ဒါနဲ့လေဆိပ်မှာလုပ်ရမယ့် ကိစ္စတွေအားလုံးပြီးပြီဆိုမှပဲ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် မြို့တော်ကလကတ္တားရဲ့ ဂုဏ်ကျက်သရေဆောင် ဟာဝရာဘူတာ (Howrah Station) ကို တက္ကစီငှားပြီး ထွက်လာခဲ့ပါတော့တယ်။ ရထားစီးရမယ့်အချိန်က ည (၁၀)နာရီကျော်မှ ဆိုတော့ အချိန်တွေပိုနေသေးတာနဲ့ ဘူတာထဲကို လျှောက်ပတ် ကြည့်မိပါတယ်။ အလာတုန်းကလည်း ဒီဘူတာမှာပဲ ရထားကဆိုက်တာပါ။ ဒါပေမယ့် သေချာမကြည့်မိခဲ့ပါဘူး။ အခုသေချာကြည့်တော့မှပဲ…စားသောက်ဆိုင်ကြီးတွေ၊ Coffee Bar တွေ၊ စတိုးဆိုင်တွေ၊ စာအုပ်ဆိုင်တွေနဲ့ တော်တော့် ကို ခန်းနားတဲ့ဘူတာကြီးတစ်ခုမှန်း သိရတော့တာပါ။

သွားရင်းသွားရင်းနဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့ကိုရောက်တော့ အမှတ်မထင် စာအုပ်လေး တစ်အုပ်ဆီကို မျက်စိက ရောက်သွားပါတယ်။ စာအုပ်လေးရဲ့ နာမည်က … Bhagavad Gita (ဘဂ၀ါဂီတ) တဲ့။ စာအုပ်အပြင် အဆင်လေးကို ကိုင်ကြည့်မိကတည်းက ၀ယ်ချင်စိတ်ကပေါက်နေတာပါ၊ နောက် ကိုယ်သင်နေရတဲ့ Philosophy ဘာသာရပ်ထဲမှာလည်း ကြိုးကျားကြိုးကျားပါနေတာကို သတိထားမိနေတော့ သိပ်မစဉ်းစားဖြစ်လိုက်ပါဘူး။ ကျသင့်ဈေးကို မေးပြီး ငွေကိုတန်းထုတ်ပေးလိုက်ပါတယ်။

တက္ကသိုလ်ပြန်ရောက်တော့ စာအုပ်ကို တန်းမဖတ်ဖြစ်ခဲ့ပါဘူး၊ ထုံးစံအတိုင်း ဟိုဂျောင်ထိုး၊ ဒီဂျောင်ထိုးပေါ့။ တစ်ရက်တော့ မြန်မာပြည်ကို စာရေးစရာရှိတာနဲ့ "ဘဂ၀ါဂီတ" စာအုပ်ထဲက စာလေးတွေသတိရလာပါတယ်၊ အဲဒီတော့မှပဲ ကမန်ကတန်း စာအုပ်ကိုရှာပြီး သေချာဖတ်ကြည့်မိတော့တာပါ။ ကိုယ်ဖတ်ပြီးတော့ သူများကို လည်း မျှဝေချင်စိတ်ပေါက်လာပါတယ်။ သိသင့်သိထိုက်တယ်လို့ ယူဆမိတာလည်းပါလို့ပါ။ ဒီလိုနဲ့….“ဘဂ၀ါ ဂီတ” ဆိုတဲ့ သည်စာအုပ်အပြည့်အစုံကို Post တစ်ခုအနေနဲ့ တင်ဖြစ်လိုက်တယ်ဆိုပါတော့ …။

ရည်မှန်းပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ...

မေတ္တာဖြင့် ... ဥတ္တရ

Bhagavad Gita Sanskrit English
 

တက္ကသီလ သောတုဇန Copyright © 2008 Black Brown Art Template designed by Ipiet's Blogger Template